Sunday, June 28, 2009

ငါတို့မမေ့ဘူး




မိုးလှိုင်ည ၏ ကဗျာ သို့

Expand..

Friday, June 26, 2009

Black or White? We are the world!

Michael Jackson ရဲ့ အနုပညာတွေ ဖျော်ဖြေမှုတွေကို ငယ်ငယ်ကတည်းက အမြဲ နှစ်သက်ခဲ့ပါတယ်။ လူတွေမှာ အမှောင်ဘက်ခြမ်း အလင်းဘက်ခြမ်း ရှိမယ်။ အမည်းဘက်ခြမ်း အဖြူဘက်ခြမ်းရှိမယ်။ ချိုတဲ့ဘက် ခါးတဲ့ဘက် ရှိမယ်။ မိုက်ကယ်လ် ရဲ့ လင်းလက်တဲ့ အဖြူရောင်ဘက်ခြမ်းက ချိုမြတဲ့ အနုပညာနဲ့ လူသားဆန်မှုတွေဟာ အခုအချိန်အထိ လူတွေရဲ့နှလုံးသားကို လှုပ်ခတ်နေဆဲပါ။ သူ ကောင်းရာမွန်ရာ ရောက်ပါစေ။

We are the world.


အဲဒီသီချင်း သွင်းခဲ့ပုံကို embedded code ပေးမထားဘူး။ ဒီမှာကြည့်ပါ။
http://www.youtube.com/watch?v=J0IweJ0g39I



Black or White



Full version က embedded code ပေးမထားဘူး။ ဒီမှာကြည့်ပါ။

http://www.youtube.com/watch?v=YVoJ6OO6lR4


(မမျှော်လင့်ပဲ နေမကောင်းဖြစ်လို့ ပန်ဒိုရာတယောက် နားနေပါတယ်။ အင်တာနက် အီးမေးလ် ဂျီတော့ခ် သိပ်မ၀င်ဖြစ်ပါ။ကွန်ပြူတာကို ကြာကြာမကြည့်ပါ။ ပို့စ်အသစ်လည်း ရေးဖြစ်မှာ မဟုတ်သေးပါ။)

Expand..

Saturday, June 20, 2009

မြို့ပြသူလေးနဲ့ တညနေ



မြို့ပြသူလေးနဲ့ တညနေ


မြို့ပြသူလေးရဲ့
စကပ်တိုတို ခြေလှမ်းတွေကြား
ညနေခင်းဟာ ပူစပ်ပူလောင် ဖြစ်နေသေးချိန်ပေါ့။

တဖြတ်ဖြတ်လူးနေတဲ့ ငါးတကောင်ကို
မဆံ့မပြဲ မျိုချပြီး
ထွက်ကျနေတဲ့ ငါးအမြီးကို
ဟန်မပျက် တက်နင်းထားတဲ့
ခပ်နပ်နပ် ခြင်္သေ့တကောင်ရဲ့ ရုပ်တုကို
အပျင်းပြေ လှမ်းငေးဖြစ်ကြတယ်။

သူက
နေရာ မရလိုက်မှာကို စိုးတယ်
လျှော့ဈေး မရလိုက်မှာကို စိုးတယ်
သူ့ကိုတက်နင်းမိသွားမှာကို စိုးတယ်
မစိုးလိုက်ရမှာကိုလည်း စိုးတယ်
အရေခွံချွတ်လဲထားတဲ့
မြွေတကောင်ရဲ့ မလုံခြုံမှုမျိုးနဲ့။

ကိုယ်က
ကျားတကောင်လို ဆာလောင်ပြီး
ကျားတကောင်လို အထီးကျန်နေတယ်
ကိုယ့်ကိုယ်ပေါ်က အစင်းအစင်းတွေကို
ကိုယ်တိုင်ကိုက်ဖြတ်ဝါးမျိုချင်နေတယ်
အမြီးပုတ်သံတွေ သိမ်းဝှက်ထားရတယ်။

သူက
ဒေါင်လိုက်မျဉ်းကြောင်းတွေရဲ့
ဖိနှိပ်ဖြားယောင်းမှုမှာ အသားကျလို့
လွင်ပြင်ကျယ်ကို အာရုံမဖြန့်တတ်ခဲ့။

ကိုယ်က
ရေပြင်ညီမျဉ်းတွေရဲ့ တမျှော်တခေါ်ကို
သက်ပြင်းချ ရင်မောနေတုန်း
အထက်ကို မော်မကြည့်နိုင်ခဲ့။

မြစ်အတုထဲက လေအတုတွေဟာ
စိတ်ကူးအစစ် ကိုယ်စီကို ဖြတ်တိုက်သွားမယ်
သူက
မလှမ်းမကမ်းက လူတန်းရှည်ကိုမြင်တော့
လှုပ်လှုပ်ရွရွ စူးစမ်းချင်နေတယ်
ကိုယ်ကတော့
နေရောင်လက်ကျန်မှာ လက်လက်ခါနေတဲ့ လှိုင်းတွေကို
အမိအရ သွားဖမ်းချင်နေတယ်။

သူက ပညာတတ်တယ်
သဘာဝ သယံဇာတတို့ရဲ့
အနာဂတ်ဖြစ်နိုင်ခြေတွေအကြောင်း
ပြောင်းရွှေ့လာတဲ့ လူ့အရင်းအမြစ်တို့ရဲ့
အပြန်အလှန်အရေးပါပုံအကြောင်း
စကားစမြည်ဆိုတယ်။

ကိုယ်က ယဉ်ကျေးတယ်
ဘာသာစကားတို့ရဲ့
ရွေ့လျားတတ်တဲ့ ဒေသိယသုံးတွေအကြောင်း
ဗဟိုချုပ်ကိုင် စနစ်တခုရဲ့
အားသာနိုင်ချက်တွေအကြောင်း
အကြောင်းပေါင်းသင့်အောင်ဆွေးနွေးတယ်။

ဘာပဲဖြစ်ဖြစ်
အဲသည်ညနေခင်းကတော့
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
သူကလည်း ဘီယာတကျိုက်
ကိုယ်ကလည်း ပီဇာတကိုက်
အရှေ့တောင်အာရှက လူမိုက်တစု အကြောင်းကိုတော့
စကားထဲ ထည့်မပြောဖြစ်ခဲ့ကြဘူး။



ပန်ဒိုရာ


Expand..

Friday, June 19, 2009

19 June 2009

Expand..

Sunday, June 14, 2009

အသံမဲ့တေးတစ်ပုဒ်

အခုရက်မှာ ဘာမှမရေးချင်လို့ ဘာမှမရေးဖြစ်ဘူး။ တက်ဂ်ထားတာတွေကိုတော့ မကြာခင် ရေးဖြစ်အောင် ကြိုးစားပါ မယ်။ လောကအလှ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒါကလည်း ရေးပြီးတော့မှ ဒီလိုအကြောင်းအရာတွေ ရေးဖြစ်တာ များနေပြီလို့ ကိုယ့်ဘာသာ ပြန်မြင်ပြီး သိပ်စိတ်တိုင်းမကျသလိုဖြစ်သွားလို့ပါ။ ခံစားမှုသက်သက်ဖြစ်ဖြစ် တခုခုတော့ ပေးနိုင်မယ် ထင်ပါတယ်။ ဘလော့ဂ်ထဲမှာ နှေးကွေးလေးလံ ထုံထိုင်းနေတာတွေ ဂျွန်လကုန်လောက်မှာ အလုပ်တွေ နည်းနည်း အနည်ကျသွားလို့ စိတ်ကြည်လင်လာရင် ပြန်သွက်လက်လာမယ် မျှော်လင့်ပါတယ်။ သည်းခံလက်စနဲ့ ဆက်ပြီး သည်းခံကြပါဦး။

-------------------


အသံမဲ့တေးတစ်ပုဒ်



“ မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကား.. မချစ်လို့မုန်းလို့ ပုန်းနေလား ... ကိုယ့်သီချင်းသံလေးများ ကြားရင်..”

ဟော.. ကြားရပြန်ပြီ။ မြန်မာသီချင်းသံ။ သေသေချာချာ နားစိုက်ထောင်တော့ အသံက တိုးလျသွားပြန်သလိုလို။ သူမရဲ့ အိပ်ရာနံဘေးက ပြတင်းပေါက်ကလေးကနေ ကြည့်လိုက်လျှင် အဲသည်တိုက်ခန်းရဲ့ ရေချိုးခန်း အထက်ဖက်က တရုတ်ကတ်မှန်လေးတွေကို တစွန်းတစ လှမ်းမြင်နေရလေသည်။

အပြင်ဖွဲ့စည်းပုံက အင်္ဂလိပ်အက္ခရာ အယ်လ် ပုံသဏ္ဍာန် ထောင့်ချိုးနေသဖြင့် သူမအိပ်ခန်းက ကြည့်လျှင် နောက်တစ်ထပ် အမြင့်မှာ တည်ရှိနေတဲ့ အဲသည်တိုက်ခန်းလေးရဲ့ အပြင်နံရံဖြူဖြူကို လှမ်းမြင်နေရသည်။ လူသူတိတ်ဆိတ်လို့ သူမ တစ်ယောက်တည်း အာရုံစူးစိုက် စာဖတ်နေချိန်တွေမှာ ရေချိုးခန်းထဲက သီချင်းဆိုသံ ချိုသြသြက လွင့်ပျံလာတတ်သည်။

စကြားခါစတော့ မြန်မာသံ ပီပီသသ ကြားလိုက်တာမို့ အံ့သြ စပ်စုစွာ နားစွင့်လိုက်တာလောက်ပဲ ဖြစ်သည်။ နောက်တော့ သူဆိုတဲ့ သီချင်းတွေက ရယ်စရာ ကောင်းတဲ့အခါကောင်း ခံစားချက် အပြည့်နဲ့ အတည်ပေါက် ဖြစ်လိုဖြစ်မို့ သဘောကျစွာ ဒီအချိန်ရောက်တိုင်း သတိထား နားထောင်မိတာ ကြာခဲ့ပြီ။

တခါတလေတော့ သူက ခေတ်ပေါ် ဟစ်ပ်ဟော့ပ် သီချင်းတွေကို ပါးစပ်ဆိုင်းပါ တီးကာ ခပ်မြူးမြူး ဆိုတတ်သည်။ တခါတလေကျတော့လည်း ခေတ်ဟောင်းသီချင်းတွေ စန္ဒယားချစ်ဆွေတို့ ကိုစောညိမ်းသီချင်းတို့ တွံတေးသိန်းတန်ပါမကျန် အသံနေ အသံထားဖြင့် အကျအန ဆိုချင်ဆိုနေပြန်သည်။

သူမ နှစ်သက်တတ်တဲ့ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ သီချင်းတွေကို စိတ်ပါလက်ပါ ဆိုနေတဲ့ နေ့မျိုးမှာတော့ ဖတ်လက်စ စာအုပ်ကိုပင် ဘေးချကာ နားစွင့်မိသေးသည်။ တနေ့တနေ့ သူ့ခံစားချက် ပြောင်းလာတိုင်း သီချင်းက ပြောင်းနေတာ ဖြစ်နိုင်သည်။ သေချာတာကတော့ အခုလိုအိမ်နဲ့ဝေးတဲ့ တိုင်းတပါးက မြို့ပြနိုင်ငံ သေးသေးလေးမှာ တင်းကျပ်လာတဲ့ စိတ်တွေကို ခေတ်မျိုးစုံက သီချင်းတွေနဲ့ ရေမှုန်ရေမွှားတွေအောက်မှာ လျှော်ဖွပ်ဆေးကြောတတ်တဲ့ သူဟာ သိပ်ကို ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်တော့ မဖြစ်နိုင်။ အနည်းဆုံးတော့ အသက် ၃၀ ၀န်းကျင် လူရွယ်တစ်ယောက် ဖြစ်ရမည်။ ဒါဆိုလျှင်တော့ သူမနဲ့ မတိမ်းမယိမ်းပေါ့။

တကယ်တော့ သူမ ဘ၀ထဲမှာ တစိမ်းယောင်္ကျားလေး တစ်ယောက် ဆိုတာကို မစားအပ်တဲ့ သစ်သီးတစ်လုံးလို ထိတ်လန့်တကြား ဝေးဝေးက ရှောင်ခွာနေခဲ့တာ ကျင့်သားရနေခဲ့ပြီပဲ။ ကံအားလျော်စွာ နိုင်ငံရပ်ခြားမှာ ဘွဲ့လွန်ဆက်တက်ဖို့ ကျောင်းဝင်ခွင့်ရတော့ အရင်ကတည်းကချခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ပိုခိုင်မာလာခဲ့သည်။

ငါ့မှာအချိန်တွေမရှိဘူး…။ ငါ့ဘ၀ဟာ ငါ့မိသားစုအတွက်…။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်…။ ဒါက သူမရဲ့ လက်သုံးစကားတွေ။

မိသားစုမှာ အကြီးတစ်ယောက် ဖြစ်ရတာ ကံဆိုးတယ်လို့ မှတ်ယူရမလား။ ရိုးသားတဲ့ ၀န်ထမ်းမိဘတွေဟာ သူမတို့ မောင်နှမတွေကို လူတန်းစေ့ ထားနိုင်ရုံ ပြည်တွင်းက ဘွဲ့လေး တစ်လုံးရဖို့ ပံ့ပိုးပေးရုံအပြင် ခန်းခန်းနားနား မတည်ဆောက်ပေးနိုင်ခဲ့တာကလည်း ဘယ်လိုမှ အပြစ်တင်ရက်စရာ မရှိပါလေ။

ဒီကိုရောက်လာတော့ ကျောင်းစအပ်ပြီး ရက်ပိုင်းအတွင်းမှာ အချိန်ပိုင်း အလုပ်တစ်ခုခု ရှာနေသည်ဟု ဆိုလာသော သူမကို သူငယ်ချင်းများက အံ့သြတကြီး ကြည့်ကြလေသည်။

“ခင်လေးရယ်.. တကယ် တရားဝင် အလုပ်လုပ်ခွင့်ရမှာက ပထမ ခြောက်လတန်း ပြီးမှလေ။ ခဏတော့ နေလိုက်ပါဦးလား။ မိသွားရင်လည်း မကောင်းဘူး။ နောက်ပြီး စာတွေက လိုက်နိုင်ပါ့မလား မသေချာသေးဘူးလေ။ ဒီမှာက အဆိုင်းမဲန့် တွေရော ပရောဂျက်တွေပါ ရှုပ်နေတာပဲ။”

“မပူပါနဲ့ဟာ.. စာတွေ လိုက်နိုင်မှာပါ..”

သူမက ရယ်ကျဲကျဲနှင့် သည်လို ပြန်ဖြေရင်း သတင်းစာတွေကို လှန်ကာ အလုပ်ကြော်ငြာ ကော်လံသေးသေးလေးတွေကို မျက်ခြေမပြတ် လိုက်ကြည့်လေ့ရှိသည်။ အမယ်.. ညဆိုင်းများ လုပ်နိုင်လျှင် တနာရီကို ၇ ဒေါ်လာ တောင် ရမယ် ဆိုပဲ။ ဒါပေမယ့် တစ်ပတ် အနည်းဆုံးလုပ်မှ လုပ်ခကို စပေးမှာတဲ့။ သြော်.. ပညာသင်ဆု သာ ရခဲ့မယ် ဆိုလျှင် တော်တော် အဆင်ပြေမှာပဲလေ။

နိုင်ငံခြားထွက်ဖို့ ဆိုသည်မှာ အပိုစုငွေရယ်လို့ ဘာမှ မရှိနိုင်ခဲ့တဲ့ သူမတို့ မိသားစုလေး အဖို့တော့ အတော့်ကို ကသီလင်တ နိုင်ခဲ့ပါသည်။ ကျောင်းလျှောက်စားရိတ်က အစပြုလို့ လေယာဉ်ခ၊ ကျောင်းလခနှင့် ဒီကိုရောက်လျှင် အနည်းဆုံး တစ်လစာ နေထိုင်စားရိတ်အတွက် ဆွေမျိုးများထံမှ ခေတ္တချေးယူလာခဲ့ရသော ငွေကြေးပမာဏက သူမကို ဖိစီးသည်။ ဒီကြားထဲ ဆယ်ကျော်သက် မောင်လေးက တဖွဖွ မှာတတ်သေးသည်။

“မမ.. ဟိုမှာ Levis ဂျင်းဘောင်းဘီတွေ ဆိုရင် နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ အစစ်လည်း ဖြစ်တာ သေချာတယ်။ ကျွန်တော့်အတွက် ၀ယ်ထည့်ပေးလိုက်နော်။ ကျွန်တော့ ခါးဆိုက်ဇ် ကို မှတ်သွား။”

“ဟဲ့.. မောင်လေးရယ်..။ အနည်းဆုံးတော့ ဒေါ်လာ တစ်ရာကျော်မှာပေါ့။ နင်ကလည်း ကြည့်ကျက်မှာပါဦး။ နင့်အစ်မက ကျောင်းသွားတက်တာလေ။ ကျောင်းပြီးသွားပြီး အလုပ်ရမှ ငါတတ်နိုင်ရင် ၀ယ်ပေးမှာပေါ့။”

သည်လို ပြန်ပြောမိပေမယ့် Levis ဆိုင်ရှေ့က ဖြတ်လျှောက်မိတိုင်း ဟိုဒီဇိုင်းလေးဆိုရင် အချစ်ဆုံး မောင်လေးနဲ့လိုက်မှာပဲ ဒီအရောင်လေးမြင်ရင် သူလိုချင်ရှာမယ်.. စသည်ဖြင့် အတွေးရောက်မိသေးသည်။

သည်တော့လည်း သူမရဲ့ တွက်ချက်မှုတွေက ပိုမို ကျစ်လျစ်လာခဲ့သည်။ ခေါက်ဆွဲခြောက် ၅ ထုပ်ပါတာက ဒီတံဆိပ်ဆိုလျှင် ၁ ဒေါ်လာနဲ့ ဆင့် ၈၀ ပဲကျမယ်။ ကြက်ဥ ၁၀ လုံးပါသောကဒ် ၀ယ်လျှင် ဘယ်အမျိုးအစားက ၂ ဒေါ်လာအောက် ဖြစ်မလဲ။ ဘယ်လို စားသောက်ရင် အသက်သာဆုံး ဖြစ်မလဲ။ ကျောင်းသွားချိန် ညနေ ၅ နာရီကနေ ည ၉ နာရီ။ စာကျက်ချိန် ည ၁ နာရီ အထိထား။ မနက်စောစော ထပြီး အချိန်ပိုင်းအလုပ် ၆ နာရီလောက် လုပ်မယ်ဆိုရင်…။ မလိုအပ်ရင် ဖုန်းမဆက်ကြပါနဲ့နော်။ ဘာ.. သူငယ်ချင်းတွေ စုဝေးပွဲဟုတ်လား။ ဘုန်းကြီးကျောင်း အလှူ..။ ဆောရီး။ ကျွန်မ မလာနိုင်ဘူး။ တကယ်ကို အချိန်မရလို့ပါနော်..။ သူမဟာ ငွေကြေးတွက်ချက်မှုတွေနဲ့ အချိန်တွေနဲ့ ရုန်းကန် လွန်ဆွဲနေလေရဲ့။

အမိမြေထက် အဆမတန် တိုးတက်နေတဲ့ ကျွန်းပြာပြာ နိုင်ငံသေးသေးလေးမှာ ခန်းနားထည်ဝါတဲ့ ကုန်တိုက်ကြီးတွေနဲ့၊ လှပသစ်လွင်တဲ့ အသုံးအဆောင်တွေနဲ့။ သူမအတွက်တော့ နွေးထွေးခိုလှုံရာ ရှားပါးလိုက်တာကွယ်။ စာအုပ်ထူထူတွေထဲမှာ ခေါင်းနှစ်လို့။ အချိန်ပိုင်း အလုပ်ခွင်ထဲမှာ အလုပ်ကြပ်ရဲ့ အဆူအကြိမ်းသံကြားမှာ အမှားအယွင်းနည်းအောင် အာရုံစူးစိုက် ညောင်းညာလို့။ သည်လို့နဲ့ သူမပိုင်ဆိုင်တဲ့ ညနက်နက်တွေ ရောက်တဲ့အခါမှာတော့ ကြင်နာတတ်တဲ့ တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာများ ချွဲနွဲ့တိုးဝင်ခွင့် ရခဲ့မယ် ဆိုရင်..။ အိုး.. မလိုအပ်တဲ့ အတွေးတွေကို မောင်းထုတ်လိုက်ရပြန်ပြီ။

သူမအတွက် နားခိုရာဆိုတာ သူမတစ်ယောက်တည်းပဲ ရှိနေတတ်တဲ့ ဟောသည် အခန်းကျဉ်းကလေးသာ ဖြစ်သည်။ ညရဲ့တိတ်ဆိတ်ခြင်းတွေက သူမရဲ့ တနေ့လုံး ဆူပွက်နေတဲ့ သွေးကြောတွေကို အနည်ထိုင်စေသည်။ မနက်ည ၀င်ချိန်ထွက်ချိန် မတိုက်ဆိုင်လို့ သူမရဲ့ ခုတင်ဘေးက အခန်းဖော်နဲ့ဆိုတာလည်း မျက်နှာချင်း မဆိုင်ဖြစ်ခဲ့တာ ဘယ်နှစ်လ ကြာနေပြီလဲ။

“ဒီတခါ လမင်းတွေ့ရင် ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါကွယ်..”

ဟော.. သီချင်း က ပြောင်းသွားပြန်ပြီ။ ဒီည သူ နည်းနည်း ပျော်နေသလား။ အသံက ရွှင်ပျတဲ့ အရိပ်အယောင် ပါနေသည်။ တခါတလေတော့ သူဟာ ဘယ်လိုပုံပန်းလဲ သူမ သိချင်လှပါသည်။ တစ်တိုက်တည်း နေကြသူတွေမို့ အလုပ်သွားချိန် ကျောင်းသွားချိန်တွေမှာ ဓာတ်လှေခါးထဲ ဖြစ်ဖြစ် မဆုံနိုင်ဘူးလား။ သူဘယ်လိုပုံစံလဲ မသိမသာ တစေ့တစောင်း ကြည့်လိုက်ရုံနဲ့တော့ အပြစ်မဖြစ်နိုင်ဘူး ထင်ပါရဲ့။

ခုတလောတော့ အလုပ်ပင်ပန်းလို့လား အိပ်ရေးတွေပျက်လွန်းလို့လား။ ခံစားရသည်က နွမ်းနွမ်းလျလျ ရီရီဝေေ၀။ မှတ်ဥာဏ်တွေကလည်း အရင်လို မကောင်းချင်တော့။ တခါတလေများဆို ဒါ အလုပ်သွားရမယ့် အချိန်လား ကျောင်းသွားရမယ့် အချိန်လားဟု ဝေေ၀၀ါးဝါး နိုင်လွန်းလှသည်။ နိစ္စဓူဝ ပုံမှန်လှုပ်ရှားနေသော စက်ရုပ်ဆန်ဆန် ဇယားကွက်ထဲမှာ ဟောဒီအခန်းထဲက သူမ၏ ကိုယ်ပိုင်အချိန်လေးဆီ ပြန်ရောက်မှသာ အသိစိတ်က ပြည့်ပြည့်၀၀ ပြန်ဝင်လာသည် ဟု ဆိုနိုင်မည်။ သစ်သား စားပွဲလေး တစ်လုံးရယ်၊ စာအုပ်ထူထူတွေရယ်၊ အဆင်အယင်ကင်းမဲ့တဲ့ တစ်ယောက်အိပ် အိပ်ယာ တစ်ခုရယ်၊ ဘယ်တော့မှ မျက်နှာချင်း မဆိုင်ဖြစ်တဲ့ အခန်းဖော်ရဲ့ လူမရှိတဲ့ ခုတင်ရယ်၊ တချက်ချက်မြည်နေတဲ့ နာရီသံတွေရယ်၊ လရောင်ကို မမြင်ရတဲ့ ပြတင်းပေါက်ရယ်၊ သွေ့သွေ့ခြောက်ခြောက် အုတ်နံရံဖြူဖြူတွေရယ်၊ ပြီးတော့.. ပြီးတော့.. သဲ့သဲ့ လှမ်းကြားရတတ်တဲ့ သူ့သီချင်းသံ ချိုသြသြရယ်ပေါ့။ အဲဒါ.. သူမရဲ့ ကိုယ်ပိုင်အချိန်တွေမှာ သူမ ပိုင်ဆိုင်တဲ့ ကမ္ဘာ..။

မေမေရေ.. နောက် သုံးလ လောက်ဆို အကြွေးယူလာခဲ့တဲ့ ပိုက်ဆံတွေ ကျေမယ် ထင်ပါတယ်။ နောက် ပညာသင်နှစ်ထဲမှာတော့ အိမ်ကို ပုံမှန် ငွေပို့နိုင်အောင် အထိ သမီးကြိုးစားပါမယ်။ ဖြစ်နိုင်ရင် ပညာသင်ဆု ရအောင်လည်း ပြန်လျှောက်ကြည့်ဦးမှာ မေမေရဲ့..။ အတွေးထဲမှာ အိမ်ကို စာရေးနေမိပြန်သည်။ ဖုန်းဆက်ရတာကလည်း ဈေးကြီးလိုက်တာ။ အလွမ်းဖြေခ လို့ သူမဘာသာ နာမည်ပေးထားသည့် ဖုန်းကဒ်ကလေးတွေရဲ့ ကုန်ကျစားရိတ်ကိုတော့ တွက်တွက်ချက်ချက် မဖြစ်မိအောင် အတတ်နိုင်ဆုံး နေပါသည်။ အဝေးရောက် သမီးကြီးရဲ့ အသံလေးကို ပုံမှန်ကြားရမှ ဖေဖေနဲ့ မေမေက အားရှိသတဲ့။ အဆင်ပြေသလား.. နေကောင်းသလား.. ဘာမှ မထူးခြားသော အလာပ သလာပ စကားလုံးတွေပဲ ဖြစ်စေကာမူ အဲသည် စကားတွေ နောက်ကွယ်က မမြင်နိုင်တဲ့ စွမ်းအားတွေကို သူမက ကောင်းကောင်း တန်ဖိုးထားပါသည်လေ။

သီချင်းသံက ပျောက်သွားခဲ့ပြီ….။ တိတ်ဆိတ်နေသော အခန်းကျဉ်းလေးထဲမှာ အသက်ရှူ မ၀သလို မောလျလာပြန်သည်။ နားထဲမှာ လေတွေ စီစီလောင်လောင် ဖြစ်လာသလိုလို။ အိုး….ထိုင်နေတာ ကြာသွားလို့များလား။ တခါတလေတော့လည်း အခန်းပြင်ထွက် လမ်းလေးဘာလေး လျှောက်ဦးမှပါပဲ။ သူမကို ရေလေးထွက်သောက် လမ်းလေးထွက်လျှောက်ဖို့ သတိပေးမယ့်လူမရှိ။ ညနေစာ ဘယ်လိုစားသလဲ သတိတရ မေးမြန်းမည့်သူမရှိ။ စာကြည့်နေရင်း မောမောပန်းပန်း အိပ်ပျော်သွားလျှင် စောင်ခြုံပေးမည့်သူမရှိ။ သူမ အိမ်ပြန် နောက်ကျချိန်တွေမှာ စိတ်ပူ စောင့်နေမယ့်သူ မရှိ..။ တိုက်ခန်းကလေးထဲမှာ သူမနေတဲ့အခန်းကရော တဖက်ခန်းကရော နေကြသူ အခန်းဖော်တွေမှာလည်း အလုပ်ကိုယ်စီ ကျောင်းကိုယ်စီဖြင့် ဖြတ်သန်းနေရသည့် ကိုယ်ပိုင် ဇယားကွက်ကလေးတွေ ကိုယ်စီနှင့်လေ။

ဧည့်ခန်းထဲကို အထွက် အ၀င်တံခါးက သော့ခလောက် မြည်သံကို ကြားလိုက်ရသည်။ တစ်ယောက်ယောက် အိမ်ပြန်လာပြီ ထင်ပါရဲ့။ ပွင့်လာတဲ့ တံခါးနဲ့အတူ အခန်းထဲကို ၀င်လာသော ယောင်္ကျားလေး နှစ်ယောက်နဲ့ တရုတ်ပုံစံ အမျိုးသမီးတစ်ယောက်က ဧည့်ခန်းမှာ မတ်တပ်ရပ်နေသော သူမကို နှုတ်မဆက်ကြပါ။

“အခန်းက တော်တော်ကျယ်သားပဲ.. လေ၀င်လေထွက်လည်း မဆိုးပါဘူး”

သူမ မှတ်မိနေတဲ့ အသံချိုသြသြကို ကြားလိုက်ရသည်။ သူက ဆက်ပြောပြန်သည်။

“ကျွန်တော်တို့က ဒီအခန်း အပေါ်ထပ်မှာပဲ နေတော့ ဒီရပ်ကွက်နဲ့ကတော့ ရင်းနှီးပြီးသား ဖြစ်နေပြီလေ”

သူမ ရင်ထဲမှာ တဖြတ်ဖြတ် ဖြစ်လာသည်။ ဒီ အသံ.. သီချင်းဆိုခဲ့တဲ့ အသံ။ ဟုတ်တယ်။ ဒါ.. သူမှ သူ အစစ်ပဲ။ ဘာလာလုပ်တာလဲ ဟင်။ ဟိုဘက်ခန်းက တယောက်ယောက်နဲ့ သူငယ်ချင်းမို့ လာလည်တာလား။ ဒါဆိုရင် နောက်ကို သူမနဲ့ ခင်မင်ဖို့တောင် ဖြစ်ကောင်း ဖြစ်လာနိုင်မယ်ပေါ့။ အိုး.. တိုက်ဆိုင်လိုက်တာ။

ဗြုန်းခနဲ သူမ အတွေးကို သူမ ပြန်ရှက်ကာ ခေါင်းငုံ့လိုက်မိပါသည်။ ပြီးတော့မှ သူ့မျက်နှာကို လှမ်းကြည့်ပြီး ပြုံးပြမည်အလုပ် သူမအခန်းဘေးက အခန်းထဲကို သူတို့ဝင်သွားကြသည်။ ဟော.... ဒါကတော့ ပိုင်စိုးပိုင်နင်းပါလား။ သူမ မနေနိုင်ပဲ လိုက်ဝင်သွားတော့ အခန်းတခုလုံးမှာ ပစ္စည်းတွေ ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။ ဟင်.. ဒီအခန်းက သူတို့တွေ ဘယ်တုန်းက ပြောင်းသွားကြပါလိမ့်။ သူမကိုတောင် မပြောမဆို။

“ကျွန်တော်တို့ အိမ်ရှင်က ဆက်မငှားတော့ဘူးဆိုလို့ ဒီအခန်းကို လာကြည့်တာပါ။”

တရုတ်အမျိုးသမီးက ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ဟင်.. ဒီလိုဆို သူတို့က အခန်းလာငှားတာပေါ့။ ဒါပေမယ့်.. ဒါပေမယ့်။ နေပါဦး။ အခုက ယောင်္ကျားလေးတွေကို ငှားဖို့တဲ့လား။ ဒီဘက်အခန်းထဲမှာ မိန်းကလေးတွေ နေနေတယ်လေ။ သူမ စိတ်တိုသွားသည်။ ဟိုတရုတ်အမျိုးသမီး ဟာ ပွဲစား ဖြစ်မှာပေါ့။ ပွဲစားတွေဟာ သိပ်ခက်တာပဲ။ ဒီလို ရောနှော နေလို့တော့ ဖြစ်မလား။ လူအသစ်သွင်းရင်လည်း မိန်းကလေးအချင်းချင်းမှပဲ ဖြစ်တော့မှာပေါ့။ သူမက တခုခုပြောဖို့ အမျိုးသမီးကို ဟန်ပြင်တော့ ယောင်္ကျားလေး နှစ်ယောက်က မီးဖိုချောင်ဘက် ထွက်သွားကြပြန်သည်။ သူမက သူတို့နောက်က လိုက်သွားလိုက်ပါသည်။

“ဒါဆို တိုက်ခန်း တစ်ခန်းလုံး ငှားဖို့ လွတ်နေတာပေါ့.. ဟုတ်လား”

ဟင်.. ဒါက ဘာကို ဆိုလိုတာလဲ။

“ဒီမှာ အရမ်း ကြိုးစားတဲ့ ကောင်မလေး တစ်ယောက် နေခဲ့တယ် ဆိုပဲ။ ကျောင်းတဖက်နဲ့ အအိပ်ပျက်အစားပျက် နေလွန်းတော့ စိတ်မကောင်းစရာ ကြုံရတာပေါ့ကွာ”

အသံချိုသြသြတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်ဟန် တူသူက ခပ်တိုးတိုး ပြောသည်။ သူတို့ ဘာတွေ ပြောနေကြပါလိမ့်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခန်းဖော်တွေလည်း ကြောက်လန့်ပြီး အဲဒီကတည်းက ပြောင်းသွားကြတာပဲ။ ကောင်မလေးက မကျွတ်မလွတ်ပဲ ရှိနေတယ်လို့ ယူဆကြတယ်။”

ဘုရား ဘုရား။ သူမ တကိုယ်လုံး သွေးတွေ ဖြန်းခနဲ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။ ဒါ.. ဒါ.. ဘယ်သူ့အကြောင်း ပြောနေကြတာလဲ။ မဟုတ်တာတွေ..။ တဆိတ်လောက်.. ရှင်တို့.. လွန်လာပြီ။

“ပြောင်းလာရင်တော့ အပေါ်ထပ်အောက်ထပ်ပဲ ဆိုတော့ ပြောင်းတဲ့စားရိတ် သက်သာတာပေါ့။ ဘာဖြစ်လဲကွာ ငါတို့က ယောင်္က်ျားလေးတွေချည်းပဲဟာ။ မကြောက်ပါနဲ့။”

သွား..။ ရှင်တို့ အားလုံး ထွက်သွား။ ဒါ.. ကျွန်မ နေနေတဲ့ အိမ်…။ အားအင်တွေရှိသမျှ ရုန်းကာ သူတို့အားလုံးကို တိုးဝင်… လက်ဖ၀ါးတွေနဲ့ ရိုက်ပုတ်..။ အို.. မရပါလား။ သူမရဲ့ လက်တွေဟာ ဘာမှမရှိတဲ့ ဗလာနယ်ကိုသာ ရိုက်ခတ်နေတော့သည်လေ။

“အဲဒီကောင်မလေးနာမည်က ခင်လေး ဆိုလား..”

သူမ မိုက်ခနဲ ဖြစ်သွားသည်။ ဘာကိုမှ မကြားတော့ မမြင်တော့.. မျက်လုံးထဲမှာ နီနီပြာပြာ…။ အခန်းထောင့်ကလေးမှာ အားအင်ချိနဲ့စွာ ပျော့ခွေကျသွား…..။ တံခါးပြန်ပိတ်လိုက်ပြီ။ စကားပြောသံများ ခြေသံများ တဖြေးဖြေး ဝေးသွားသည်။

ဒါဆိုရင် … သူမဟာ.. သူမဟာ..

တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာတော့ ဘယ်သူမှ မကြားနိုင်တဲ့ ငိုရှိုက်သံတွေသာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့ပြီ။



ပန်ဒိုရာ

( ၂၇ ဧပြီ ၂၀၀၉)



Expand..

Tuesday, June 9, 2009

အာဏာရှင်တစ်ဦးကို ထပ်မံ နားလည်ကြည့်ခြင်း

၂၀၀၈ နှစ်ဆန်းပိုင်း က ရေးခဲ့တဲ့ ပို့စ်အဟောင်းတစ်ခုကို ပြန်တင်လိုက်ပါတယ်။
-----------------------------------

အာဏာရှင်တစ်ဦးကို နားလည်ကြည့်ခြင်း နှင့် နောက်ဆက်တွဲများ


ကိုမောင်ရင်က ညွှန်းလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင် (The Last King of Scotland) ဆိုတဲ့ ဒီဗွီဒီတစ်ခွေကို ကြည့်ဖြစ်ပါတယ်။ ၂၀၀၆ ကမှ ထွက်တဲ့ ရုပ်ရှင်ပါ။



ဒီကားကတော့ နယ်လဆင် မန်ဒဲလား ပြီးရင် နာမည်အကြီးဆုံး အာဖရိကန် လို့ ပြောကြတဲ့ ၁၉၇၀နှစ်များက ယူဂန်ဒါ နိုင်ငံရဲ့ စစ်အာဏာရှင် အီဒီ အာမင် (Idi Amin) အကြောင်း ဖြစ်ပါတယ်။ နာမည်ကြီးပုံ ကြီးနည်းကတော့ စိတ်ဝင်စားစရာပါ။ အာမင် အဖြစ် Forest Whitaker က သရုပ်ဆောင်ထားပြီး နဲ့ သူ့ရဲ့ အနီးကပ်ဆရာဝန် စကော့လူမျိုး ဒေါက်တာ နီကိုးလပ်စ် ဂါရီဂန် အဖြစ် James McAvoy က သရုပ်ဆောင်ထားပါတယ်။ Forest Whitaker ဟာ ဒီကားမှာ အော်စကာဆု ရခဲ့ပါတယ်။


ဒီဇာတ်လမ်းကို မပြောခင် ယူဂန်ဒါ နိုင်ငံရဲ့ အကြောင်းလေး အကြမ်းဖျဉ်း ပြန်လှန်ရရင် ပိုကောင်းပါတယ်။ သိကြမယ့်အတိုင်း ယူဂန်ဒါဆိုတာ ကင်ညာ၊ ဆူဒန်၊ ကွန်ဂို၊ ရ၀မ်ဒါ နဲ့ တန်ဇနီးယားတို့ ၀န်းရံထားတဲ့ အရှေ့အာဖရိက က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ လူဦးရေ သန်း ၃၀ နီးပါးရှိတယ် လို့ တွေ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ အင်္ဂလိပ် လက်အောက်ခံစနစ်၊ ဘုရင်စနစ်၊ အာဏာသိမ်းမှုများ၊ စစ်တပ်အုပ်ချုပ်ရေးကာလ တို့ကို ဖြတ်သန်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး Yoweri Museveni က သမ္မတ အဖြစ် လက်ရှိ အုပ်ချုပ်နေပါတယ်။

ဒီဇာတ်လမ်းက ယူဂန်ဒါရဲ့ ၁၉၇၀ ခုနှစ်များ ကာလကို ဖော်ကျုးထားပါတယ်။ ဘွဲ့ရကာစ ဆရာဝန်ပေါက်စ စကော့လူမျိုး နီကိုးလပ်စ်ဟာ ယူဂန်ဒါ နိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာပါတယ်။ သူရောက်တဲ့အချိန် ၁၉၇၁ မှာ အီဒီအာမင်ရဲ့ စစ်တပ်က မီလ်တန် အိုဘိုတေ (Milton Obote) ဆီကနေ အာဏာ သိမ်းလိုက်ချိန်ပေါ့။ အားတက်သရော ထောက်ခံနေပုံရတဲ့ ယူဂန်ဒါ ပြည်သူတွေနဲ့ အာမင်ရဲ့ အပြောအဟော ကို ကြည့်ပြီး နီကိုးလပ်စ်ဟာ အာမင် အပေါ်မှာ စတွေ့တွေ့ချင်း သဘောကျမိပါတယ်။

ဇာတ်လမ်း အသေးစိတ်ကိုတော့ သေသေချာချာ ပြောမပြတော့ပါဘူး။ မကြည့်ရသေးရင် အရသာ ပျက်သွားမှာလည်း စိုးပါတယ်။ စကော့လူမျိုးတွေ အပေါ်မှာ ထူးထူးခြားခြား ရူးသွပ်မှုရှိသူ အာမင်ဟာ နီကိုးလပ်စ်ကို သူ့ကိုယ်ပိုင် ဆရာဝန်အဖြစ် ခန့်လိုက်ပါတယ်။ နောက်တော့ သူ့ရဲ့ အနီးကပ် အကြံပေးဆန်ဆန် အထိကို သဘောထားပြီး တော်တော် အရေးပေး ခဲ့ပါတယ်။

အာမင်ဟာ အောက်ခြေကနေ ကြိုးစားပြီး ဒီနေရာကို ရောက်လာခဲ့သူ၊ အင်မတန် စိတ်ဓာတ် မာကျောသူ ဖြစ်တယ်။ ဗြိတိသျှ စစ်တပ်မှာ တာဝန်ထမ်းခဲ့တယ်။ အနှိမ်ခံခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ တကယ်တော့ အာမင်ဟာ အာဏာဆုံးရှုံးရမှာ အလွန် ကြောက်လန့်ပြီး သူ့အာဏာ ခိုင်မြဲဖို့အတွက် ဘာမဆို လုပ်ဝံ့သူ လက်မရွံ့ တစ်ယောက်ပဲ။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ ဒီ့အပြင် အာမင်က အစွဲအလန်းလည်း ကြီးသူ။ သူ့ကို လုပ်ကြံလို့ မရဘူး၊ သူသေမယ့်နေ့ကို အိပ်မက်အရ ကြိုသိတယ်လို့လည်း ပြောဖူးတယ်။ သူ့ကိုယ်သူ ဗြိတိသျှ အင်ပါယာကို အောင်နိုင်သူလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင်လို့ တင်စားပြီး ဘုရင်ရူးလည်း ရူးနေသေးတယ်။ သူ့စစ်တပ်ကို စကော့ပုံစံ ဆင်ယင်ထားတယ်။ နီကိုးလပ်စ်က အစပိုင်းက ဒါတွေကို မရိပ်မိခဲ့ဘူး။

တဖြည်းဖြည်း ဆိုးဝါးလာတဲ့ အာမင် ဟာ ထင်ရာတွေစိုင်းလာတယ်။ အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက် သတ်တယ်။ သူ့နိုင်ငံအတွင်းက အာရှတိုက်သားများ (အိန္ဒိယလူမျိုးများ) ကို နှင်ထုတ်တယ်။ အဲဒီလို နှင်ထုတ်တော့ နီကိုးလပ်စ်က မလုပ်သင့်ကြောင်း သတိပေးတာကို မင်းပြောစရာမလိုပါဘူး မင်းက ဆရာဝန်ပဲလေလို့ ပြောခဲ့တယ်။ နောက်တော့ နိုင်ငံတကာရဲ့ စောင့်ကြည့် ဝေဖန်မှုအောက်မှာ အာမင်တစ်ယောက် ပျာယာခတ်သွားရပါတယ်။ ဒီတော့မှ ဘာဆက်လုပ်ရင် ကောင်းမလဲလို့ နီကိုးလပ်စ်ကို ခေါ်မေးပါတယ်။ ဒီအခန်းက ပြောစကားတွေကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။


Idi Amin: I want you to tell me what to do.
Nicholas Garrigan: You want ME to tell YOU what to do?
Idi Amin: Yes, you are my advisor. You are the only one I can trust in here. You should have told me not to throw the Asians out, in the first place.
Nicholas Garrigan: I DID!
Idi Amin: But you did not persuade me, Nicholas. You did not persuade me!

အာဏာရှင်ကို အနီးကပ်ပေါင်းပြီး နားချရင် ရမယ်လို့ မျှော်လင့်သူများ မှတ်သားဖွယ် ဖြစ်ပါတယ်။ (နားချလို့ တကယ်ရရင်တော့ ကောင်းပါတယ်။)

နီကိုးလပ်စ်ဟာ အာမင်ရဲ့ သရုပ်ကို ဘွားဘွားကြီး သိသွားလိုက်ပြီး တော်တော် တုန်လှုပ် သွားတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ အင်္ဂလန်နိုင်ငံသား ပတ်စပို့ကိုလည်း အာမင်က သိမ်းလိုက်ပြီး ယူဂန်ဒါပတ်စပို့နဲ့ လဲလိုက်ပြီ။ ပြန်လို့ မရတော့ဘူး။ ဒီလိုနဲ့ အာမင် အရင်က တော်တော်အားထားရတဲ့ ၀န်ကြီးတစ်ယောက်ရယ် နောက်ပြီး နီကိုးလပ်စ်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ အာမင်ရဲ့ ဇနီးငယ် တစ်ယောက်ရယ်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ နီကိုးလပ်စ်ဟာ အာမင်ကို ပေးနေကျ ခေါင်းကိုက်ပျောက်ဆေးကို သေစေတဲ့ဆေးနဲ့ လဲလိုက်တယ်။

အဲဒီအချိန်မှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလေယာဉ်ကို အာမင်က ယူဂန်ဒါမှာ ဆိုက်ရောက်စေဖို့ အကူအညီ ပေးခဲ့တယ်။ နီကိုးလပ်စ်ရဲ့ လုပ်ကြံတဲ့ အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ဓားစာခံ ခရီးသည်တွေကို ဆေးစစ်ပေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ နီကိုးလပ်စ်ကို အာမင်ရဲ့လူတွေက ဖမ်းပြီး အာမင်ကိုယ်တိုင် ရှေ့မှာပဲ ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ နောက်တော့ နီကိုးလပ်စ်ရဲ့ မိတ်ဆွေ ယူဂန်ဒါလူမျိုး ဆရာဝန်တစ်ဦးက သူ့ကို အသက်စွန့် ကယ်တင်ပြီး အစ္စရေးလူမျိုး မဟုတ်တဲ့ ပြန်ပေးဆွဲခံရသူ တစ်သုတ် ပြန်ကြတော့မယ့် လေယာဉ်ပေါ် ပို့ပေးနိုင်လိုက်ပါတယ်။ အာမင်ရဲ့ မတရားမှုတွေကို ကမ္ဘာကို ပြောပြလိုက်ပါ လို့လည်း မှာလိုက်တယ်။ ဇာတ်လမ်းကတော့ သည်မှာဆုံးပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ အစ္စရေးတပ်တွေဟာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို လာကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ် ပြန်ပေးဆွဲမှုကြီး အပြီးမှာတော့ အာမင်ကို နိုင်ငံတကာက အကြီးအကျယ် နှာခေါင်းရှုံ့ အော့ကြောလန် သွားကြတော့ပါတယ်။ ၁၉၇၉ မှာတော့ အာမင်ဟာ ရာထူးက ဖယ်ရှား ခံခဲ့ရတယ်။ သူ့လက်ထက်မှာ ယူဂန်ဒါမှာ လူ သုံးသိန်း လောက် သူ့စနက်နဲ့ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။၂၀၀၃ ခုနှစ်မှာ သူခိုလှုံနေတဲ့ ဆော်ဒီအာရေးဗီးယားမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကြိုသိနေတဲ့ အိပ်မက်ထဲက ရက်စွဲမှာ တကယ် သေခဲ့သလား ဆိုတာကတော့ သူပဲသိမှာပဲ တဲ့။

သည်ဇာတ်လမ်းကို ဆက်စပ်ပြီးတော့ အာဏာဟာ လူကို ဘာကြောင့်ရူးသွပ်စေသလဲ ဆိုတာကို ဆက် စဉ်းစားကြည့်မိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို လက်ထဲရယူကာစ ကာလတွေကတော့ အာဏာယူသူများဟာ သိပ်ပြီး ထက်မြက် ရည်မှန်းချက် ကြီးသူများ ဖြစ်ကောင်းဖြစ်မယ်။ တက်ကြွစဉ်ကာလမှာ ငါ့မှာ လုပ်ပိုင်ခွင့် ရှိလာရင် ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်လိုက်မယ် ဆိုတဲ့ စေတနာမှန် စိတ်ကူးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ယုံကြည် ထောက်ခံသူများလည်း ရှိနိုင်ခဲ့ပါတယ်။

သို့သော် အာဏာဆိုတာ လက်ထဲမှာ အထိန်းအချုပ်မရှိပဲ ကြာကြာထည့်ပေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ လူ့သဘာဝက ဆန်းကြယ်တယ်။ စည်းစိမ် ခံစားချင်လို့ မဟုတ်တောင်မှ (အနည်းဆုံးတော့) ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ဟာ ယစ်မူးဖွယ် စွဲမက်ဖွယ် ဖြစ်တယ်။ အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ ဒီအာဏာကို ဆုံးရှုံးရရင် ဆိုတဲ့ အကြောက်တရားက ကြီးစိုးသွားပြီး လက်မလွှတ်နိုင် ဖြစ်သွားတတ်တာပဲ။ ဒီကြားထဲ အမှားအယွင်းတွေ လုပ်ထားမိရင် ပိုဆိုးတာပေါ့။

ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး ဆိုတဲ့ အာဏာသုံးရပ်လုံးက တစ်နေရာထဲမှာ စုစည်းပြီး သိပ်ပြင်းထန်နေရင် စီမံခန့်ခွဲမှုတွေကို ထိခိုက်လာမယ်။ အုပ်ချုပ်မှု ယန္တရားအောက်ခြေက လူတွေကိုရော ပြည်သူတွေကိုပါ ပြောခွင့်ဆိုခွင့် ထောက်ပြခွင့် ပေးမထားရင် မပြောရဲမဆိုရဲတာကြောင့် အမှန်ကိုမမြင် ယိုယွင်းမှုတွေကို အဆင့်ဆင့် ဖုံးကွယ်ပြီး အတွင်းလှိုက်စားလာမယ်။ အာဏာအလွဲသုံး မတရားမှုတွေ မင်းမူလာမယ်။ ဒါကြောင့် အာဏာကို အစွမ်းကုန် အသုံးချပြီး ထင်ရာမစိုင်းနိုင်ဖို့အတွက် လူတွေပါဝင်နိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမယ့် အုပ်ချုပ်ရေးစနစ်မျိုးကို တိုးတက်ချင်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ချမှတ်သင့်တာ ဖြစ်တယ်။ အုပ်ချုပ်မှုအာဏာ နဲ့ လက်နက်ကို တွဲဖက်မပေးသင့်တာ ဖြစ်တယ်။

အငြင်းပွားဖွယ်တစ်ခုကတော့ အာမင်ကို ပြည်သူများထဲမှာ သူရဲကောင်း မျိုးချစ် လို့ အခုထိ မှတ်ယူတာတွေလည်း ရှိနေကြသေးသတဲ့။ ဒီခေတ်ကာလမှာ Patriot, Nationalist, Hero ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အနုတ်လက္ခဏာဆန်တဲ့ အနက်အဓိပ္ပာယ်တွေ ဘာကြောင့် ရှိသွားရတာလဲ ဆိုတာ စဉ်းစားစရာပါ။ ရှိတ်စပီးယား ၀တ္တုထဲမှာ ဂျူးလိယက်ဆီဇာဟာ နိုင်ငံကိုချစ်ပေမယ့် အရမ်း ရည်ရွယ်ချက် ကြီးမားနေပြီး သက်ဦးဆံပိုင် အာဏာရှင် ဆန်လာလို့ အန္တရာယ်ရှိလာပြီ ဆိုပြီး သူငယ်ချင်း ဘရူးတပ်စ် ကိုယ်တိုင်က အမုန်းတရားကြောင့် မဟုတ်သော်လည်း လုပ်ကြံခဲ့တယ်လို့ နားလည်ခဲ့ရတယ်။ အဲဒီခေတ်ကတော့ အဲဒီလို အာဏာရှင်ဆန်ပုံကို tyranny လို့ခေါ်တာပေါ့။ ဒီခေတ်မှာတော့ dictatorship လို့ခေါ်ဝေါ်ကြတယ်။ ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ ဘယ်လိုနေမလဲ လို့လည်း တွေးကြည့်မိဖူးတယ်။

ငါလုပ်ပေးမှ ဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကသာလျှင် ကာကွယ်စောင့်ရှောက်နေတာ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ယူမှုရှိတာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း တစ်ရပ် ဖြစ်မှာပါ။ သို့သော် လူတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်များကို မျက်ကွယ်မပြုပဲ တုံ့ပြန်မှုဟာလည်း ကိုယ့်အလုံးစုံ အာဏာကို ပြန်ထိန်းချုပ်ပြီး အမှားအယွင်းနည်းအောင် စီမံနိုင်စေဖို့နဲ့ ပြည်သူတွေ လက်ခံကျေနပ်စေဖို့ လိုအပ်ပြန်တယ်။ Responsibility နဲ့ Responsiveness ကို မျှတအောင် ထိန်းထားနိုင်မယ့် စနစ်တစ်ခုကို တကယ်ဖော်ဆောင်နိုင်ဖို့ ဆိုတာကတော့ …။


ပန်ဒိုရာ




Expand..

Friday, June 5, 2009

ရှယ်လီကို တူးဖော်ခြင်း

ပို့စ်အဟောင်းလေး တခုကို တူးဖော်ချင်စိတ် ပေါ်လာလို့ ပြန်တင်လိုက်ပါတယ်။ ၂၀၀၇ အောက်တိုဘာက ရေးခဲ့တာပါ။


ကဗျာရေးတဲ့လက် -၂

ပီ. ဘီ. ရှယ်လီ (Percy Bysshe Shelley 1792-1822) လို့ဆိုလိုက်ရင် စိတ်ကူးယဉ်ဆန်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ တစ်ယောက်မှန်း သိကြပါလိမ့်မယ်။ Ozymandias, Ode to the West Wind, To a Skylark ကဗျာတွေဟာ သူရေးခဲ့တဲ့အထဲက နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ငယ်စဉ်ဘ၀မှာ မိန်းကလေးဆန်ဆန်တောင် နူးညံ့ ပျော့ပျောင်းသူလို့ အများက သိခဲ့ကြတဲ့ ရှယ်လီဟာ အဖေကိုယ်တိုင်က လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကို ပြည်သူနေရာက ထဲထဲဝင်ဝင် ခံစားပြီး သူ့ကဗျာတွေမှာ ပြင်းပြင်းထန်ထန် ထင်ဟပ်စေခဲ့သူပါ။ ၁၈၁၉ ခုနှစ်က အင်္ဂလန် လို့ အမည်ရတဲ့ ဆွန်းနက် (sonnet) အမျိုးအစား ကဗျာတစ်ပုဒ်ကို ခံစားကြည့်မိပါတယ်။ မူရင်းကတော့ဒီလိုပါ။


England in 1819

An old, mad, blind, despised, and dying king,--
Princes, the dregs of their dull race, who flow
Through public scorn,--mud from a muddy spring,--
Rulers who neither see, nor feel, nor know,
But leech-like to their fainting country cling,
Till they drop, blind in blood, without a blow,--
A people starved and stabbed in the untilled field,--
An army, which liberticide and prey
Makes as a two-edged sword to all who wield,--
Golden and sanguine laws which tempt and slay;
Religion Christless, Godless--a book sealed;
A Senate,--Time's worst statute unrepealed,--
Are graves, from which a glorious Phantom may
Burst, to illumine our tempestous day.

Percy Bysshe Shelley

ရှယ်လီဟာ ဂျော့ဘုရင်အပေါ်မှာ မကျေနပ်တဲ့ သူ့ရဲ့ခံစားချက်များစွာကို နာမ၀ိသေသနများနဲ့ ဖွဲ့ဆိုလိုက်ပါတယ်။ အိုတွ ရူးသွပ် မျက်ကန်း မုန်းစရာ့ သေခါနီး ဘုရင် ပေါ့။ အဲဒီ အိုကြီးအိုမ ဘုရင်ကြီးနဲ့ သူ့ရဲ့ အသုံးမကျတဲ့ မင်းဆွေမင်းမျိုး အနွယ်တော်တွေဟာ ပြည်သူအများရဲ့ ရွံရှာမှု မခန့်ညားမှု အောက်မှာ ရွှံ့နွံအလား စီးဆင်းနေရတာပါပဲ။ ရွှံ့နွံတွေလိုပဲ အသိအမြင်မဲ့ ခံစားချက်ဗလာ အုပ်ချုပ်သူများဟာ ဖျော့တော့ အားနည်း နိုင်ငံမွဲမှာ ကပ်ပါးကောင်လို ခိုကာ သွေးစုပ် နေကြသတဲ့။ ဘယ်လောက်များ မလျော့တမ်း ခဲနေဦးမလဲ ဆိုတာကတော့ သွေးအလိမ်းလိမ်း ဖုံးလို့ မမြင်မကန်း ပြုတ်ကျတဲ့အထိပဲလေ။ အဲဒီအချိန်မှာ ဓားထိုး ခံထားရသလို ပြည်သူ လူထုကတော့ ကွင်းပြင်ရိုင်းထဲ ဆာလောင်မွတ်ငတ်လို့။ လွတ်လပ်ခြင်းကို လက်စတုံး ပေးသူက စစ်တပ်ကိုယ်တိုင် ဖြစ်နေတယ်။ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ရင်း လှုပ်ရှားရုန်းကန်သူ အားလုံး အတွက် အသွားနှစ်ဖက်နဲ့ ဓားလို ရပ်တည်နေတယ်။ သွေးပေစွန်းနေတဲ့ ခန်းနားကြီးကျယ် ဥပဒေသ တွေကလည်း တရားမျှတတဲ့ ဥပဒေလို့ မဆိုနိုင်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ နှိပ်ကွပ်ခြင်းတွေ အတွက် အသုံးချခံ နေရတယ်လေ။ ဒီလိုနဲ့ ချိတ်ပိတ်ခံရတဲ့ စာအုပ် တစ်အုပ်အလား ဘုရားမဲ့ တရားမဲ့ ဘာသာရေးကို ကင်းမဲ့သွားရတဲ့ အဖြစ်တွေရယ်၊ အချိန်တိုင်းမှာ အဆိုးဆုံးဖြစ်တဲ့ ပြင်ဆင်ဖျက်သိမ်းမှု ဘယ်တုန်းကမှ မရှိခဲ့တဲ့ အုပ်ချုပ်မှုစနစ်ဆိုး (လွှတ်တော်) ရယ်နဲ့ တိုင်းပြည်ဟာ ဘယ်လောက်တောင် ယိုယွင်းနေခဲ့ပြီလဲ။ ဒါပေမယ့်လည်း ဒါတွေ တနေ့တော့ နိဂုံး ချုပ်ရတော့မှာပါလေ။ ခန်းနားတဲ့ ယုံကြည်မျှော်လင့်ချက်တစ်ခုက သယ်ဆောင်သွားမယ့် လင်းလက်တဲ့ အောင်ပွဲနေ့သစ် ပေါက်ကွဲ ထွန်းပလာတဲ့အခါပေါ့။

သမိုင်းဆိုတာ တစ်ပတ်ပြီး တစ်ပတ်လည်တတ်သတဲ့။ အတိတ်ကသမိုင်းတွေဟာ ပစ္စုပ္ပါန်မှာ ရောင်ပြန်ဟပ်တတ်သတဲ့။ အားကြီးဖိနှိပ်သူကို အဖိနှိပ်ခံတို့က တွန်းလှန်ခဲ့တဲ့ တိုက်ပွဲတွေ လူ့သမိုင်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကျေးကျွန်စနစ်၊ ကိုလိုနီ နယ်ချဲ့စနစ်၊ အာဏာရှင် အုပ်ချုပ်သူ စနစ် ဘယ်လိုခေတ်တွေ စနစ်တွေပြောင်းပြောင်း ဘယ်လိုနာမည် တပ်တပ် လူသားတွေဟာ တိုက်ပွဲဝင်ခဲ့ကြတာ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက်ပါ။ ရှယ်လီရဲ့ ဒီကဗျာတစ်ပုဒ်က အဲဒီအထဲက တစ်ခုဖြစ်တဲ့ ၁၈၁၉ ကာလများက အင်္ဂလန်ရဲ့ အခြေအနေကို ဖွဲ့ဆိုထားခဲ့တယ်။ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီပေါ့။ လူတွေရဲ့ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက် တိုက်ပွဲတွေကတော့ လိုအပ်လာတဲ့ ခေတ်တိုင်းမှာ ဖိမရနှိပ်မရ ဆက်ရှိနေဦးမှာပဲ။ အောင်ပွဲတွေလည်း ရကြဦးမှာပဲ။


ပန်ဒိုရာ

source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။

Expand..

Thursday, June 4, 2009

ကျွန်တော်တို့လူမျိုး

စိတ်ပင်လယ် စာတန်း ထဲက အက်ဆေးတစ်ပုဒ် တင်လိုက်ပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆရာမောင်ကိုယုရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

မောင်ကိုယု

ပဲခူးဇာတိဖြစ်သည်။ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ စာပေသစ်၊ ငွေတာရီ၊ မြ၀တီ မဂ္ဂဇင်းများတွင် ၁၉၅၁ ခုနှစ်ခန့်က စ၍ ၀တ္ထုတိုများ၊ ဆောင်းပါးများ ရေးခဲ့သည်။ ယခုဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ဥပဒေဌာနတွင် အမှုထမ်းရင်း စာများ ပြန်လည်ရေးသားနေသည်။




ကျွန်တော်တို့လူမျိုး

နံနက်လင်း၍ အလုပ်စခန်းသို့ သွားရန် ကျွန်တော်အိမ်မှ ထွက်လာတိုင်း စိတ်ဒုက္ခရောက်ရ၏။ ကားမှတ်တိုင်တွင် ကိုယ့်လို ခရီးသွားဒုက္ခသည်များ အကြား၌ ကိုရွှေဘတ်စ်ကားကို စောင့်မျှော်ရသော ဒုက္ခမှာ နေ့စဉ်ရက်ဆက် ဆုံဆည်းရသော ဒုက္ခမျိုးဖြစ်သည်။ ကားမလာနိုင်သဖြင့် ခြေစုံရပ်၍ ခြေသလုံးတွေ တောင့်အောင် စောင့်ရ၏။ ပထမသော် မည်မျှပင် ညောင်းသော်လည်း သိက္ခာပျက်မည်ကို စိုးမိ၍ ဟန်နှင့်ပန်နှင့် ဘယ်ခြေမှသည် ညာခြေသို့ အလှည့်ကျ အမှီပြုရင်း ရပ်နေသေးသည်။ ကြာသော် ဇာတိမာန် ကျဆင်းလာကာ ဟန်မဆောင်နိုင်တော့ချေ။ အရပ်လေးမျက်နှာသို့ အရှက်ပြေကြည့်ရင်း ဆောင့်ကြောင့်ထိုင်လိုက်ရ၏။

မှတ်တိုင်သို့ ဘတ်စ်ကားများ ဆိုက်ရောက်လာပြန်တော့လည်း တဘက်စောင်းအောင် ပြွတ်သိပ်နေသော ကားထဲသလို့ တ၀ုန်းဝုန်း တရုန်းရုန်း အတင်းတိုးခွေ့၍ တက်နေကြပုံကို ကြည့်ရင်း ရင်မောရ၏။ အတွင်းမှ လူကပင် မမြင်ရသော်လည်း အသံအားဖြင့် သိနိုင်သော စပယ်ယာ၏ ငေါက်သံ၊ ငန်းသံ၊ ဆူသံ၊ ပူသံ၊ မောင်းချသံကို နားထောင်ရင်း စိတ်အနှောက်အယှက် ဖြစ်ရသည်။ ဤသို့ အဆဲအဆိုခံပြီး သိက္ခာမဲ့၊ အိနြေ္ဒမဲ့၊ လုမတက် တိုးမတက်ဘူး ဟု စိတ်ကိုအားတင်းက မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ရက်သား နေလိုက်၏။

ဗမာတွေ စည်းကမ်း မရှိကြပါတကား ဟု ကြီးကြီးကျယ်ကျယ် မှတ်ချက်ချရင်း အခြားအခြားသော နိုင်ငံကြီးသားများနှင့် နှိုင်းယှဉ်ကြည့်မိသည်။

အင်္ဂလိပ်လူမျိုးများ အလွန်စည်းကမ်းစနစ် ကြီးကြောင်း သမိုင်းစဉ်တလျှောက် နံမည်ကြီးလှ၏။ လမ်းပေါ်မှာ အမှိုက်မပစ်၊ တံတွေးမထွေး၊ လမ်းဘေးတွင် ကျင်ငယ်မစွန့်၊ ဘတ်စ်ကားစီး၊ ဈေးဝယ်ရာ၌ပင် အလုအယက် တိုးခွေ့ခြင်းမရှိ။ အိနြေ္ဒရရ တန်းစီ၍စီး၏။ ၀ယ်၏။ ယုတ်စွအဆုံး လမ်းပေါ်တွင် လမ်းသွားရင်း၊ ကားမောင်းရင်း၊ တဦးနှင့်တဦး၊ တကားနှင့်တကား ကျော်မတက်ကြဟု ကြားဘူးသည်။ ကျွန်တော်တို့လူမျိုးနှင့် မကွာလားဟု ၀မ်းနည်းမိ၏။

မနေ့တနေ့က ပြည်သူ့အာဏာဖြင့် ကြီးထွားလာသော တရုပ်ပြည်ကြီးတွင်လည်း စည်းကမ်းကလနား၌ စံနမူနာယူထိုက်ကြောင်း၊ ရောက်ဘူးသူ မိတ်ဆွေများ၏ ပြန်လည်ဖောက်သည်ချသည်ကို နားထောင်ရင်း အားကျမိသည်။

ဤသို့စဉ်းစားရင်း နာရီကိုကြည့်လိုက်ရာ၊ ရုံးချိန်နီးနေပြီ ဖြစ်သဖြင့် သိက္ခာတွေ သမာဓိတွေ ထိန်းသိမ်း၍ မဖြစ်တော့။ ဘတ်စ်ကားလာလျှင် ကားပေါ်သို့ ဒိုင်ဗင်ထိုး၍ပင် တက်ရတက်ရ အရအမိ တက်တော့မည်ဟု ဆုံးဖြတ်ကာ သောက်လက်စ တ၀က်တပျက် ဆေးပေါ့လိပ်ကို မီးမသတ်ဘဲ လွှင့်ပစ်လိုက်၍ မတ်တတ်ရပ်လိုက်သည်။

အခန့်သင့်ပင် ဘတ်စ်ကား ရပ်လာသဖြင့် အတင်း တိုးဝှေ့၍ တက်လိုက်၏။ ဈေးခြင်းတောင်းနှင့် မိန်းမကြီး တယောက်သည် ကျွန်တော်၏ တတောင်နှင့် တွက်ချလိုက်မိသဖြင့် မျက်နှာရှုံ့မဲ့ကာ ကျန်ရစ်ခဲ့ရှာသည်။ ကားထဲသို့ ၀င်လိုက်လျှင်ပင် ကျွန်တော့ရှေ့၌၊ ယခုပင်၊ ဆင်းသွားသူ ခရီးသည်တဦး၏ နေရာလွတ်ကို တွေ့လိုက်ရာ၊ ထိုနေရာလွတ်ကို ကျွန်တော့်လိုပင် တွေ့၍ ၀င်ထိုင်ရန် ရွှေ့လာသော ကုလားမကြီးကို ခြေတဖက်ထိုးကာလိုက်ရင်း ၀င်ထိုင်လိုက်သဖြင့် ဟန်ကျပန်ကျ နေရာရသွားလေသည်။ စပယ်ယာက ကားခလှမ်းတောင်းသဖြင့် အိတ်ကိုနှိုက်လိုက်ရာ အကြွေဆယ်ပြားသာ တွေ့ရသည်။ ကျပ်တန် ပေးပြန်လျှင်လည်း စပယ်ယာ၏ အဆူအပူ အကြိမ်းအမောင်း ခံရဦးမည် ဖြစ်သဖြင့် ဆယ်ပြားဖိုးစီးပြီး တမှတ်တိုင်လောက်ကို လမ်းလျှောက်၍ သွားတော့မည် ဟု ဆုံးဖြတ်ကာ ဆယ်ပြားတန်လက်မှတ် ၀ယ်လိုက်၏။

ဘေးကရပ်၍ လိုက်လာသော ပုဂ္ဂိုလ်သည် ကျွန်တော်နှင့်အတူ တက်လာသော ခရီးသည်မှန်း ကျွန်တော်မှတ်မိသည်။ သို့သော် ကားခထုတ်ပေးသည်ကို ကျွန်တော် မတွေ့ရ၊ နောက်ဆုံး ကျွန်တော့အရင် ဆင်းသွားသည့်တိုင်အောင် ကားခပေးမသွားကြောင်း သတိထားလိုက်မိသည်။

ဘတ်စ်ကားစီး၍ ကားခမပေးခြင်းသည်လည်း လူမျိုးတမျိုး၏ စိတ်ဓာတ်အဆင့်အတန်း ကျဆင်းမှု နိမိတ်လက္ခဏာပင် ဖြစ်သည်။ အခြားအခြားသော နိုင်ငံကြီးများ၌ သတင်းစာရောင်းသူသည် လူကိုယ်တိုင် စောင့်စရာမလို။ သတင်းစာပုံဘေးတွင် ပိုက်ဆံပုံးကို ချထားရုံမျှနှင့် ကိစ္စပြီး၏။ ၀ယ်သူသည် သစ္စာရှိစွာပင် ကျသင့်သော သတင်းစာဖိုးငွေကို ပုံးထဲသလို့ထည့်၍ သတင်းဝယ်သွားတော့သည်ဟု ဆိုသည်။ ဗမာလူမျိုးတို့၌ ဤလိုသစ္စာမျိုး ဘယ်တော့ ကိန်းအောင်းမည်နည်းဟု တွေးတောစိတ်လေးမိပြန်သည်။ နိုင်ငံ၏ ကြီးပွားမှု၊ ထွန်းကားမှုသည် လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ကြည်သစ္စာရှိမှု၊ လူမျိုးကြီး ပီသမှုပေါ်တွင် တည်သည်ဟု ယူဆမိသည်။ ကိုယ့်တာဝန် ကိုယ်မသိမှု၊ လစ်လျှင်လစ်သလို စည်းကမ်းဖောက်ကျုးလိုမှု၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလိုမှု၊ စသည်စသည်တို့သည် လူမျိုးတမျိုး ၏ ကြီးပွားမှုတွင် အဟန့်အတား ဖြစ်စေသည့် စိတ်ဓာတ်ရောဂါမျိုးပင် ဖြစ်ပေသည်။

ကျွန်တော်သည် အတွေးစိတ်ကူးတို့ဖြင့် စီးနင်းလာရာ အမှန်အတိုင်းဆင်းရမည့် မှတ်တိုင်ကိုလွန်ပြီး ရုံးရှေ့ဘတ်စ်ကား မှတ်တိုင်သို့ပင် ရောက်လာကြောင်း တွေ့ရသဖြင့် ကသုတ်ကရက် ဆင်းလိုက်ရ၏။ အတွေးလွန်မိသည်ကိုပင် ကျေးဇူးတင်မိ၏။ လမ်းလျှောက်ရ သက်သာသွားပေသည်။ ရုံးအောက်သို့ ရောက်သောအခါ လက်ကနာရီသည် ရုံးတက်ရန် အချိန်စေ့နေပြီကို ပြနေသော်လည်း ချက်ချင်း ရုံးခန်းစားပွဲတွင် မထိုင်လိုသေးသဖြင့် ရုံးဘေးရှိ လက်ဘက်ရည်ဆိုင်သို့ ၀င်လိုက်၏။ ထို့နောက် တအောင့်တနားထိုင်ရင်း လဘက်ရည် တခွက်လောက် သောက်ကာ ကျွန်တော်တို့ လူမျိုး၏ စိတ်ဓာတ်ပျက်ပြားမှုကို စဉ်းစားတွေးတောနေလိုက်မိပါသည်။


မောင်ကိုယု
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)



Expand..

Sunday, May 31, 2009

ဘုရားသခင်က လွှတ်လိုက်တယ်

ဘုရားသခင်က လွှတ်လိုက်တယ်



ဘုရားသခင်က..
လွှတ် လိုက် တယ်
ပြည်ဝင်ခွင့်မှာ အကျုံးဝင်ဖို့
ဘုရားသခင် ထိုးပေးလိုက်တဲ့ လက်မှတ်လိုတယ်
ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ခင်ဗျား
လိုအပ်ချက်များ ပြည့်စုံမှ
နောက်တခေါက်ပြန်ကြွခဲ့ပါ။


ဘုရားသခင်က
လွှတ် လိုက်.. တယ်
ဘုရားသခင်က လွှတ်ပေးလိုက်တိုင်း
ဘာဒင်းမို့လို့ လွတ်ရမှာလဲ
ဘုရားသခင် အမိန့်ကိုပယ်ချ
အပါယ်ဝမှာ ထီမထင်
ရီ(ရယ်)တောင်ရီလိုက်ချင်သေးတယ်။


ဘုရားသခင်က လွှတ်..
လိုက် တယ်
ဘုရားသခင်က ဒီဘက်က လိုက်ရင်
ဟိုနောက်ကွယ်က ပတ်ပြေးမယ်
ဘယ်ခြောက်ကာ ညာလှမ်းလို့
သမင်လိုက်ခန်းတောင် ကလိုက်ဦးမယ်။


စကားရှုပ်ယှက်ရှင်းနဲ့
တရားထုပ်တက်နင်းပေါ့
ဘုရားသခင်…
ကိုယ်တိုင်ဆင်းခဲ့ပါ့။


ပန်ဒိုရာ

Expand..

Saturday, May 30, 2009

ကယ်လီဖိုးနီးယားသို့ စံပယ်ပန်းတကုံး ပေးပို့ခြင်း




ကယ်လီဖိုးနီးယားသို့ စံပယ်ပန်းတကုံး ပေးပို့ခြင်း

ကယ်လီဖိုးနီးယားက
ကန်ထုတ်လိုက်တဲ့ ဘောလုံးတလုံး
ငါ့ပြတင်းပေါက်ထဲ ၀ုန်းဆို ခုန်ဝင်လာတယ်
ဘောလုံးဟာ
ဂိုးတိုင်မမြင်ရတဲ့ အရပ်မှာ
အကန်အကျောက်ခံရင်း
ဦးတည်ရာမဲ့ ဆက်လိမ့်နေမှာလား။

ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့
ကဗျာစာရွက်တရွက်
ဘောလုံးတလုံးကို ဖက်ထားတဲ့
ဆယ်ကျော်သက်ကောင်လေးရဲ့
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အိပ်မက်ထဲမှာ
အိပ်ရာထဲ ကျဲဖြန့်ထားတဲ့ စံပယ်ပန်းတွေပါခဲ့တယ် ဆိုပဲ။

နက္ခတ်တွေ ပြိုမကျခင်က
ပုံပြင်လှလှတွေထဲမှာတော့
ကန်သုံးဆင့်နားက ဖြတ်တိုက်သွားတဲ့ လေကို
ဆန်နင်းလာတဲ့ စက်ဘီးတစ်စီးပေါ်မှာ
ကံကြမ္မာက နှောင်ကြိုးဖြတ်ချမှာကို မသိသေးတဲ့
အဖြူအစိမ်းဝတ် စုံတွဲတတွဲရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေ ကပ်ပါနေမယ်
အဲဒီနောက်တော့
သံတိုင်တွေနောက် ရောက်သွားခဲ့တဲ့
ငယ်ရွယ်နုပျိုမှုရဲ့
တောက်ခေါက်သံတချက် ထွက်လာတယ်
လရောင်ကို ဆာလောင်ခဲ့တဲ့
အမှောင်ည တွေထဲမှာ
စံပယ်တွေ တစ္ဆေခြောက်ခဲ့တယ်..တဲ့။

ဖူးပွင့်မှုကို
တန်ဖိုးမထားတဲ့အရပ်မှာ
ဝတ်မှုန်တို့က ရုတ်သိမ်းထားတဲ့
ရနံ့တွေကို လိုက်ရှာရတာ
အနှစ်နှစ်ဆယ်စာမက မောခဲ့တာပေါ့
သစ်ညိုပင်ကြီးတစ်ပင်အောက်က
ကျောင်းတွေပြန်အဖွင့်မှာ ပျောက်သွားခဲ့တဲ့
စံပယ်ပန်းနဲ့ လရောင်တွေဟာ
ဆူရှီဘားထဲကနေ အရည်ပျော်ပြီး
အတ္တလန္တိတ် သမုဒ္ဒရာထဲ မြုပ်သွားလေသတဲ့
ငါတို့အိပ်မက်တွေရဲ့ ဇာတ်သိမ်း
ဘယ်သူအတိတ်စိမ်းပေးသွားခဲ့တာလဲ။


ပန်ဒိုရာ

(အနှစ်နှစ်ဆယ်ကျော် ပျောက်ဆုံး ဖဲရှုံးလာတဲ့ အသည်းကွဲ ကဗျာဆရာ ခရစ္စတိုဖာ ကိုလန်ဘတ်စ် အတွက်)




Expand..